Border News Agency
ပခုက္ကူ ၊ဇွန် ၁၁။
ပခုက္ကူခရိုင်အတွင်းရှိမြို့နယ် ၅ ခုမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ အညာမြေစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ပျူကျေးရွာတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၀ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီစစ်ဆင်ရေးရဲ့ ပထမအဆင့်အဖြစ် ဇွန်လ ၂ ရက်နေ့က Operation 9 ကို စတင်ခဲ့တာပါ။
ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ-ပေါက်-မင်းတပ်လမ်းပိုင်းတို့ကို ထိန်းချုပ်နိုင်ဖို့ ရေပြာလမ်းဆုံကို ရည်မှန်းခဲ့သလို ၂၀၂၄ ခုနှစ်က ပေါက်မြို့နယ်၊စပါးမြောရွာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၅ ဦးအတွက် တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် ၉ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၅ စီးနဲ့ ဗုံးသီးအလုံးပေါင်း ၂၇၀ ကျော်အထိ အသုံးပြုပြီး လေကြောင်းကနေ ပြင်းပြင်းထန်ထန် ခုခံခဲ့ပေမယ့် PDF ပူးပေါင်းတပ်ဖွဲ့တွေက ကုက္ကိုစုရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်၃၀ ကျော် သေဆုံးပြီး သုံ့ပန်းနဲ့ အလင်းဝင်လာသူ စုစုပေါင်း ၇၁ ဦးအထိ ရှိခဲ့သလို လက်နက်ငယ် ၅၅ လက်၊လက်နက်ကြီး ၄ လက်အပါအဝင် ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။
အခုစစ်ဆင်ရေးကို ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြိုနဲ့ ဆိပ်ဖြူမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ PDF တပ်ရင်းတွေ၊ MGY-PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့တာပါ။
ဒါ့အပြင် မေလ ၂၂ ရက်က MGY-PDF ဦးဆောင်တဲ့ တမာမြေစစ်ဆင်ရေးမှာလည်း ပါဝင်ခဲ့ပြီး သရက်ကန် ပျူရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။














