Border News Agency
အယုဒ္ဓယ၊ ဩဂုတ် ၂၁။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်မှာ ရွှေ့ပြောင်းအလုပ်သမားတန်းလျားတခုကို ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့လို့မြန်မာအလုပ်သမားသုံးဆယ်ငါးဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဥထိုင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
ဥထိုင်းမြို့နယ်၊ နောင်နမ်ဆုန်းကျေးရွာအုပ်စု၊ အမှတ် ၄ ကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သမားတန်းလျားကို ဩဂုတ်လ ၂၀ ရက်၊မနက် ၆ နာရီအချိန်ခန့်က အယုဒ္ဓယခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဥထိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးတွေအပါအဝင် ပူးပေါင်းအဖွဲ့တွေမှ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား နှစ်ရာ့သုံးဦးကိုစစ်ဆေးခဲ့ရာ တရားဝင်အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား သုံးဆယ်ငါးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ကျန်တရာ့ကိုးဆယ်တဦးမှာ တရားဝင်အထောက်အထားစာရွက်စာတမ်းတွေရှိနေပါတယ်။
တရားဝင်အထောက်အထား စာရွက်စာတမ်းတွေရှိတဲ့အထဲ အမျိုးသမီးခြောက်ဆယ်သုံးဦးနဲ့ အမျိုးသား တရာ့သုံးဆယ်နှစ်ဦးပါဝင်နေပြီး တရားဝင်အထောက်အထားစာရွက်စာတမ်းမရှိဘဲ အမျိုးသမီးခုနှစ်ဦးနဲ့အမျိုးသားနှစ်ဆယ့်ရှစ်ဦး ပါဝင်နေပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်မှုနဲ့တရားမဝင်နေထိုင်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပြီး သူတို့ကို လက်ခံထားသူတွေ၊ ဖုံးကွယ်ပေးသူတွေနဲ့ အလုပ်ခန့်ထားသူတွေကိုလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူနိုင်ဖို့ ဥထိုင်းမြို့မရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။










