Border News Agency
ကစယ်ဒို၊ အောက်တိုဘာ ၃၁။
မြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်၊ သညော်ဆီ (ကညင်ချောင်း) ကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသညော်ဆီ (ကညင်ချောင်း) ကျေးရွာကို အောက်တိုဘာလ ၃၀ ရက်နေ့က အာဏာသိမ်းစစ်တပ်က K8W တိုက်လေယာဥ်နဲ့ပေါင် နှစ်ရာ့ငါးဆယ်၊ပေါင် သုံးရာဗုံးတွေနဲ့ တိုက်ခိုက်ခဲ့သလို 23mm ကန်တန်နဲ့လည်းနှစ်ကြိမ်ထိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ဆယ်နှစ်အရွယ် ကလေးငယ်တဦး၊ အသက် နှစ်ဆယ့်သုံးနှစ်နဲ့နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသားနှစ်ဦး၊အသက်ကိုးဆယ့်သုံးနှစ်အရွယ် အဘွားအိုတဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် နှစ်လုံး၊ စာသင်ကျောင်း တကျောင်းနဲ့ ဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ရပါတယ်။
အဲဒီကျေးရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်ကရေကြီးရေလျှံမှုကြောင့် အိမ်ခြေ သုံးရာ့ခုနှစ်ဆယ့်ခြောက် လုံး ပျက်စီးပြီး ဒေသခံ တထောင်ခြောက်ရာ့ငါးဆယ့်ခုနစ် ဦးမှာ စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရချိန်မှာ စစ်တပ်က ခုလိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

















