Border News Agency
သံတွဲ၊အောက်တိုဘာ ၁။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့၊ သံတွဲမြို့ကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
သံတွဲမြို့၊အမှတ် ၆ ရပ်ကွက်ရှိ ဗောဓိကုန်းဈေးအနီးသို့ အောက်တိုဘာလ ၁ရက်၊ဒီနေ့ နေ့လယ် ၁ နာရီ ၅၂ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်ကတိုက်လေယာဉ်တစီးနဲ့လာရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အသက်လေးဆယ်ငါးနှစ်အရွယ် ဦးစည်သူမှာ ပြတ်ရှဒဏ်ရာတွေရသွားခဲ့ပြီး အသက်သုံးဆယ်ရှစ်နှစ်အရွယ် ဒေါ်စံပယ် (ခ) မေသန္တာဝင်းမှာလည်း နောက်ကျောမှာဗုံးစထိမှန်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် ရပ်ကွက်အနီးဝန်းကျင်ရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့လည်း ပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမတင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ပုဏ္ဏားကျွန်း၊ရသေ့တောင် ၊ဝီရဌာနီ၊ သံတွဲ၊ ကျောက်ဖြူ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ အပြင်းအထန်စစ်ရှုံးနေတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေကိုတမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။











