Border News Agency
အမေရိကန်၊ဇွန် ၁။
အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နဲ့အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရက်ပေါင်း ၉၃ ရက်အထိ ရှိလာခဲ့ပြီဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ အီရန်နဲ့ သဘောတူညီချက်ရဖို့အတွက် အလျင်စလို ဇောမကပ်ဘဲ ဆွေးနွေးပွဲတွေဟာ နှေးကွေးပေမယ့်သေချာရေရာစွာ တိုးတက်မှုရှိနေတယ်လို့ Fox News နဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
ထရမ့်က အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်ရဖို့ကို အဓိကတောင်းဆိုထားပြီး သဘောတူညီချက်မူကြမ်းပါ အချက်အချို့ကိုလည်း ပိုမိုတင်းကျပ်အောင် ပြင်ဆင်ရန် ညွှန်ကြားထားပါတယ်။
စစ်ရေးအခြေအနေတွေအရ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သူတို့ရဲ့ ရေပိုင်နက်အတွင်းရန်လိုတဲ့ စစ်ဆင်ရေးလုပ်ဖို့ ကြိုးပမ်းတဲ့အမေရိကန်ဒရုန်းတစီးကို ပစ်ချခဲ့တယ်လို့ထုတ်ပြန်ထားသလို ရေတပ်အင်အားပြပွဲတခုမှာလည်း ခရုစ်ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ တိုက်ခိုက်ရေးရေယာဉ်သစ်တစ်စီးကို ပြသခဲ့ပါတယ်။
အမေရိကန်စစ်တပ်ကလည်း အီရန်ဆိပ်ကမ်းကို ဦးတည်မောင်းနှင်နေတဲ့ ဂမ်ဘီယာအလံတင် သင်္ဘောတစီးကို တားဆီးထိန်းချုပ်ခဲ့တာကြောင့် အီရန်ဘက်ကအမေရိကန်ဟာ သံတမန်ရေးလမ်းကြောင်းကို သစ္စာဖောက်ပြီး ရေကြောင်းပိတ်ဆို့မှုကို ဆက်လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
အခြားတဖက်မှာတော့ အစ္စရေးစစ်တပ်ဟာ လေဘနွန်တောင်ပိုင်းကို ကျူးကျော်စစ် အရှိန်မြှင့်တင်နေပြီး ပြီးခဲ့တဲ့ ၂၆ နှစ်အတွင်း လေဘနွန်နိုင်ငံထဲကိုအနက်ရှိုင်းဆုံး စစ်ကြောင်းထိုးဝင်ရောက်မှုအဖြစ် နဗာတီးယားမြို့အနီးက မဟာဗျူဟာမြောက် ဘိုဖော့ရဲတိုက် ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးဟာ ဇာဟရာနီမြစ်တောင်ဘက်က ဒေသခံပြည်သူတွေကို ချက်ချင်းနေရပ်စွန့်ခွာကြဖို့ သတိပေးချက်အသစ် ထုတ်ပြန်ထားပြီး လေဘနွန်တောင်ပိုင်းက မြို့ရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လေဘနွန်ဝန်ကြီးချုပ် နာဝါ့ဖ်ဆလမ်က အစ္စရေးဟာ မြေလှန်စနစ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲထားပြီး အစ္စရေးစစ်တပ်ကတော့ ဟစ်ဇဘိုလာတွေကို နှိမ်နင်းဖို့ မြေပြင်စစ်ဆင်ရေးတွေကို တိုးချဲ့ကာ လီတာနီမြစ်ကို ဖြတ်ကျော်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
မေလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အစ္စရေးစစ်သား ၁ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သလို အခြားတဖက်မှာလည်း လေဘနွန်ဘက်ကနေ အစ္စရေးမြောက်ပိုင်းဒေသအချို့ကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ ရှိနေပါတယ်။
အမေရိကန်ပြည်တွင်း အခြေအနေမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်က အရင်အီရတ်စစ်ပွဲတုန်းကလို အမှားမျိုးမဖြစ်စေဖို့ အီရန်ရဲ့ စစ်တပ်နဲ့ အဖွဲ့အစည်းတွေကို ဖြိုဖျက်မယ့် ပစ်မှတ်ထားတိုက်ခိုက်မှုမျိုးကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် အမေရိကန်လွှတ်တော်အတွင်းမှာတော့ အမေရိကန်နဲ့ အစ္စရေးစစ်တပ်အကြား လက်နက်သုတေသန၊ထုတ်လုပ်ရေးနဲ့ နည်းပညာကဏ္ဍတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ့် နှစ်နိုင်ငံစစ်ရေးပေါင်းစည်းမှု အစီအစဉ်တခုကို ဆက်လက်အတည်ပြု တွန်းအားပေးနေကြပါတယ်။






