Border News Agency
မြောက်ဦး၊ ဇွန် ၁၇။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့နည်းပညာဌာနက ပြည်သူတွေအတွက် စတားလိန့်အင်တာနက်ကိုအခြေခံပြီး အများပြည်သူသုံးစတားလင့်အင်တာနက်စင်တာ(PIAC) တွေကို တရားဝင်ဖွင့်ခွင့်ပေးလိုက်ပါတယ်။
အဲဒီအစီအစဉ်ဟာ ပြည်သူတွေ အင်တာနက်ကို ပိုလက်လှမ်းမီစေဖို့နဲ့ စီးပွားရေးလုပ်ငန်းသစ်တွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တာလို့ဆိုပါတယ်။
”အခုလို ပုံစံမျိုး Class A နဲ့ Class B အောက်က စတားလိန့်အင်တာနက်သုံးစွဲနေတဲ့ ပြည်သူတွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး တရားဝင် အင်တာနက်ဆိုင်တွေ ဖွင့်လှစ်ပြီး အခကြေးငွေနဲ့ ရောင်းချခွင့်ကို စတင်ခွင့်ပြုထားတာတွေရှိပါတယ်။ ဒါကိုလုပ်ရတာက ရောင်းချတဲ့ ပြည်သူတွေဘက်က စီးပွားရေးတခု ပြေလည်လာစေဖို့နဲ့ သုံးစွဲချင်တဲ့ ပြည်သူတွေအတွက်လည်း ဈေးနှုန်းသက်သာပြီး ကိုယ့်အနားမှာ လက်လှမ်းမီနိုင်စေဖို့ ဖြစ်ပါတယ်။” လို့ နည်းပညာဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီအင်တာနက်စင်တာတွေကရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်အကြား ၃၀ – ၇၀ရာခိုင်နှုန်း ခွဲဝေယူကြမှာဖြစ်ပါတယ်။
အဲဒီအပြင် ဆိုင်လည်ပတ်ဖို့ လိုအပ်တဲ့ နည်းပညာပိုင်းနဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုတွေကိုလည်း ဌာနကတာဝန်ယူပေးမှာဖြစ်ပါတယ်။
”အမှန်တော့ ဒီလို Class A နဲ့ Class B အရ စတားလိန့်ပစ္စည်းရှိတဲ့ ပြည်သူတွေက နည်းပညာဌာနကိုဆက်သွယ်ပြီး အများပြည်သူသုံး စတားလိန့်အင်တာနက်စင်တာဖွင့်ချင်တယ်ဆိုရင် ဌာနက လိုင်စင်သတ်သတ်ထုတ်ပေးပါတယ်။ နောက်ပိုင်းဆိုင်လည်ပတ်ရေးအတွက် လိုအပ်တဲ့နည်းပညာပိုင်းတွေကိုလည်း အားလုံး လေ့ကျင့်သင်ကြားပေးပါတယ်။” လို့ သူက ရှင်းပြပါတယ်။
ခုလိုအကျိုးတူပူးပေါင်းဆောင်ရွက်မှုက အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖြစ်ထွန်းလာစေဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။
အသေးစိတ်စည်းကမ်းချက်တွေနဲ့ လျှောက်ထားရမယ့် နည်းလမ်းတွေကို သိချင်ရင်တော့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးနဲ့ နည်းပညာဌာနတွေမှာ သွားရောက်စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။










