Border News Agency
ကျောက်တော်၊ဇွန် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်က လူနေရပ်ကွက်တွေနဲ့ လမ်းမတော်ကျေးရွာကို ဇွန်လ ၁၇ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရကာ အဆောက်အအုံ ၃၀ ခန့်ပျက်စီးခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ဒဏ်ရာရသူတွေထဲက အသက် ၅၆ နှစ်အရွယ် ဦးလှအောင်ကျော်ဟာ ဇွန်လ ၂၄ ရက်၊ညအချိန်မှာ သေဆုံးခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ကို ဇွန်လ ၂၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးတိုက်ခိုက်ခဲ့လို့ ၁၂ တန်းကျောင်းသူ ၂ ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီ မောရဝတီရွာက အသက် ၁၈ နှစ်အရွယ် မနှင်းနုခိုင်နဲ့ အင်းဒင်ရွာက အသက် ၁၉ နှစ်အရွယ် မမေမြတ်နိုးတို့ ဒဏ်ရာရသွားခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိရေကြောင်း၊လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေဟာအာဏာသိမ်းစစ်တပ်ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။










