Border News Agency
ဂျပန်၊ဇွန် ၂၅။
ဂျပန်နိုင်ငံ၊အရှေ့မြောက်ပိုင်း တိုဟိုကုဒေသရဲ့ အရှေ့ဘက်ကမ်းလွန်မှာ ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခု ဇွန်လ ၂၅ ရက်၊ဒီနေ့မှာ လှုပ်ခတ်သွားပါတယ်။
အဲဒီငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားတာမရှိပေမယ့် ပင်လယ်ရေမျက်နှာပြင် အနည်းငယ် ပြောင်းလဲမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။
ငလျင်ဗဟိုချက်ဟာ အီဝါတေး (Iwate) ပြည်နယ်အနီး ရေအောက်အနက် ၅၀ ကီလိုမီတာလောက်မှာ ဖြစ်ပေါ်ခဲ့တာပါ။
အအိုမိုရီ (Aomori) ပြည်နယ်မှာတော့ ငလျင်အရှိန်ဟာ ဂျပန်ရဲ့ ငလျင်တိုင်းတာမှုစံနှုန်း အဆင့် ၆ ကျော်အထိ ရှိခဲ့တာကြောင့် လူတွေ မတ်တပ်ရပ်ဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် တိုဟိုကု ရှင်ကန်ဆင်ကျည်ဆန်ရထားလိုင်း အပါအဝင် ရထားပြေးဆွဲမှုတချို့ကိုလည်း ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အနီးနားမှာရှိတဲ့ အိုနာဂါဝါနဲ့ ဟီဂါရှီဒိုရီနျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာတော့ ထိခိုက်ပျက်စီးမှု ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး မရှိဘူးလို့ တိုဟိုကု လျှပ်စစ်စွမ်းအားကုမ္ပဏီက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ဆုံး နေရာတွေထဲက တခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လှုပ်ခတ်တဲ့ ပမာဏ ၆ နဲ့ အထက် ငလျင်တွေရဲ့ ငါးပုံတပုံလောက်ဟာ ဂျပန်မှာ ဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။










