Border News Agency
ကျောက်တော်၊ဇွန် ၂၆။
အာရက္ခဒေသအတွင်း မိုးတွင်းကာလ ခရီးသွားလာရာမှာ ပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် ကုန်းလမ်း၊ရေလမ်း ဆောင်ရန်၊ရှောင်ရန် သတိပေးချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ အချက်အလက်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဦးဆောင်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) အပါအဝင် ဌာနဆိုင်ရာတွေက ကုန်းလမ်း၊ ရေလမ်း ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွေအနေနဲ့ ခရိုင်အလိုက် လိုက်လံဖြန့်ဝေပေးနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ မင်းပြားခရိုင်အတွင်းရှိဈေးတွေ၊ ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေ၊ လူစည်ကားရာနေရာတွေနဲ့ကားလမ်းမတွေမှာ ဇွန်လ ၂၅ ရက်နေ့မှာလည်းDLEPS ဌာနရဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနခွဲကကွင်းဆင်းဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ လက်ကမ်းစာစောင်မှာ ကုန်းလမ်းခရီးသွားလာသူတွေအတွက် မမောင်းခင် မီး၊ ဘရိတ်၊ ဝိုင်ပါ၊ တာယာနဲ့ မီးလုံးတွေ စစ်ဆေးဖို့၊ မိုးရွာရင်ရှေ့မီးကြီးဖွင့်မောင်းဖို့၊ အရှိန်လျှော့မောင်းဖို့နဲ့ ထိုင်ခုံခါးပတ်၊ ဆိုင်ကယ်ဦးထုပ်တွေ စနစ်တကျ ဝတ်ဆင်ဖို့ စတဲ့ လိုက်နာရမယ့်အချက် ၁၀ ချက်နဲ့ ဖုန်းမသုံးဖို့၊ အရက်သောက်မမောင်းဖို့ စတဲ့ ရှောင်ရန်အချက် ၈ ချက် ပါဝင်ပါတယ်။
ရေလမ်းခရီးသွားသူတွေအတွက်လည်း ခရီးမသွားခင် ရာသီဥတုသတင်းနားထောင်ဖို့၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ဖို့နဲ့ စက်လှေပေါ်မှာ ညီမျှအောင်ထိုင်ဖို့ စတဲ့ ဆောင်ရန်အချက်တွေအပြင် မိုးသက်လေပြင်းကျစဉ် ရေယာဉ်မမောင်းဖို့၊ လူနဲ့ကုန် အလွန်အကျွံမတင်ဖို့ စတဲ့ အထူးရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြထားပါတယ်။










