Border News Agency
နေပြည်တော်၊ဇွန် ၂၇။
တိုင်းရင်းသားလက်နက်ကိုင် (EAO) ဘယ်အဖွဲ့အစည်းမဆို ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေး လာရောက်ဆွေးနွေးကြဖို့ သမ္မတတု ဦးမင်းအောင်လှိုင်က ဇွန်လ ၂၆ ရက်နေ့မှာထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဗဟိုကော်မတီအစည်းအဝေးမှာ သမ္မတတုမင်းအောင်လှိုင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
အစိုးရသက်တမ်း ၅ နှစ်အတွင်း နိုင်ငံငြိမ်းချမ်းရေးရအောင် အတတ်နိုင်ဆုံး ကြိုးစားမှာဖြစ်သလို မငြိမ်းချမ်းမှုတွေက ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နယ်စပ်ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် အခြေခံအဆောက်အအုံတွေကို ထိရောက်စွာ ပံ့ပိုးပေးနေတယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာဟာ တော်လှန်ရေးအင်အားစုတွေကို သပ်လျှိုသွေးခွဲဖို့ ကြိုးပမ်းတဲ့အတုအယောင်လုပ်ရပ်သာဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီဖိတ်ခေါ်ချက်ဟာ ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA လမ်းကြောင်းကို အသုံးချပြီး စစ်ခေါင်းဆောင်တွေကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု ရှာကြံတာသာဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေကဆိုကြပါတယ်။






















