Border News Agency
ဘန်ကောက်၊ အောက်တိုဘာ ၁၆။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရုံး (ONCB) နဲ့ တာဝန်ရှိသူတွေပူးပေါင်းပြီး ရေနံပုံးတွေထဲမှာ ဖုံးကွယ်သိုလှောင်ထားတဲ့ စိတ်ကြွဆေးပြားတသန်းကျော်ကို အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ချင်းရိုင်ခရိုင်၊မယ်ဆိုင်မြို့နယ်၊ ဆန်ခူရပ်ကွက်ရှိ ပုဂ္ဂလိကကုန်စပို့လုပ်ငန်း သိုလှောင်ရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာကနေ ပလတ်စတစ် ရေနံပုံး ငါးပုံးထဲက စိတ်ကြွဆေးပြားငါးသိန်းကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဆက်စပ်နေတဲ့ နေအိမ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ရာမှာ တရားခံ သုံး ဦးနဲ့အတူ စိတ်ကြွဆေးပြား ခြောက်သိန်းခြောက်သောင်းတထောင်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်ပြီး ဟွန်ဒိုင်းကားတစီးနဲ့ မော်တော်ဆိုင်ကယ်တစီးအပါအဝင် တန်ဖိုးငွေ ဘတ်တသန်းရှစ်ရာသုံးသောင်းကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပြည်သူတွေအနေနဲ့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရုံး(ONCB) ရဲ့ အရေးပေါ် ဖုန်းနံပါတ် ၁၃၈၆ ကို လျှို့ဝှက်ချက် အပြည့်အဝနဲ့ သတင်းပေးပို့နိုင်တယ်လို့ တာဝန်ရှိသူတွေက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

















