Border News Agency
ဘေကျင်း၊ဇူလိုင် ၁၆။
(ရောမပဋိညာဉ်မှာ လက်မှတ်မထိုးထားပေမယ့် နိုင်ငံတကာဥပဒေနယ်ပယ်မှာ တရုတ်ပါဝင်ပတ်သက်မှုရှိ)
တရုတ်ဘာသာစကားပြောသူတွေအတွက် ရည်ရွယ်ပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံးက ကျင်းပတဲ့ တရားခွင်လေ့ကျင့်မှုပြိုင်ပွဲ (ICC Moot Court Competition – Chinese Version)မှာ တရုတ်တက္ကသိုလ်လျောင်နင်တက္ကသိုလ်(Liaoning University)က ဗိုလ်စွဲသွားတယ်လို့ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ရဲ့တရားဝင်စာမျက်နှာမှာ ဇူလိုင်လ ၁၀ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
အဲဒီပြိုင်ပွဲကို တရုတ်တက္ကသိုလ်တွေဝင်ပြိုင်ပြီး ဗိုလ်လုပွဲကို သည်ဟိဂ်ရှိနိုင်ငံ တကာရာဇဝတ်တရားရုံးရဲ့တရားခွင်အမှတ် ၁ ခန်းမထဲမှာကျင်းပခဲ့တာပါ။
ဒုတိယနဲ့တတိယဆုကို ပီကင်းတက္ကသို လ်(အသွင်ကူးပြောင်းမှုဆိုင်ရာဥပဒေဌာန)Peking University (School of Transnational Law)နဲ့ တရုတ်-ဥရောပသမဂ္ဂဆိုင်ရာဥပဒေကျောင်း (China-EU School of Law)က ရရှိသွားပါတယ်။
ဂျူရီလူကြီးအဖြစ်လည်း တကယ့်နိုင်ငံ တကာရာဇဝတ်တရားရုံးတရားသူကြီး ဖြစ်သူကီးဘွင်ပီခ်(Keebong Paek)ကို ယ်တိုင် ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီပြိုင်ပွဲရည်ရွယ်ချက်ကနိုင်ငံတကာ ဥပဒေတွေနဲ့နိုင်ငံတကာတရားစီရင်ရေးစနစ်တွေကို ကမ္ဘာတဝှမ်းက ဥပဒေကျောင်းသားတွေ လက်လှမ်းမီ သိရှိလာစေဖို့ဖြစ်ပါတယ်။
ပြိုင်ပွဲစနစ်က ကျောင်းသားတွေက ဇာတ်လမ်းဆင်ဖန်တီးထားတဲ့ အမှုတွဲတခု (Fictitious Case)ကို အခြေခံပြီး တရားလိုပြရှေ့နေ (Prosecutor)၊ တရားခံရှေ့နေ (Defence) နဲ့ နိုင်ငံတော်ရှေ့နေ (State Counsel) စတဲ့ အခန်းကဏ္ဍအသီးသီးက နှုတ်ဖြေလျှောက်လဲချက်တွေပေးပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ၂၀၂၆ ခုနှစ် ပြိုင်ပွဲမှာ ကနဦးအဆင့်မှာ တရုတ်တက္ကသိုလ်ပေါင်း တရာ့သုံးဆယ်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ကျင်းပတဲ့ တရားခွင်လေ့ကျင့်မှုပြိုင်ပွဲ (Moot Court Competition) တွေဟာ နိုင်ငံရေးအရ အဖွဲ့ဝင်ဖြစ်တာ၊ မဖြစ်တာနဲ့ မဆိုင်ပါဘူး။
နိုင်ငံတကာရာဇဝတ်ဥပဒေ (International Criminal Law) ကို ကမ္ဘာတဝှမ်းက ဥပဒေကျောင်းသားတွေ ပိုမိုစိတ်ဝင်စားလာစေဖို့ ရည်ရွယ်တဲ့ ပညာရပ်ဆိုင်ရာအစီအစဉ်ဖြစ်ပါတယ်။
အဲဒါကြောင့် အဖွဲ့ဝင်မဟုတ်တဲ့ တရုတ်၊ အမေရိကန်နဲ့အိန္ဒိယလို နိုင်ငံတွေက ကျောင်းသားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြပါတယ်။
ဘာကြောင့် တရုတ်ဘာသာစကားနဲ့ သီးသန့်ပြိုင်ပွဲ လုပ်တာလဲ
နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ တရားဝင်ရုံးသုံးဘာသာစကားတွေထဲမှာ တရုတ်ဘာသာစကား (Chinese) ပါဝင်ပါတယ်။
အဲဒါကြောင့် ကမ္ဘာ့လူဦးရေအများဆုံး သုံးစွဲတဲ့ ဘာသာစကားအနေနဲ့ရော၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကြောင့်ပါ တရုတ်ဘာသာစကားပြိုင်ပွဲကို သီးသန့်ကျင်းပပေးတာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံတကာရာဇဝတ်တရားရုံးကို တည်ထောင်တဲ့ ရောမစာချုပ် (Rome Statute)ကို လက်မှတ်မရေးထိုးထားပေမယ့် နိုင်ငံတကာဥပဒေရေးရာတွေမှာ သူတို့ရဲ့ အနာဂတ်ဥပဒေပညာရှင်တွေ နိုင်ငံတကာစံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို နှံ့နှံ့စပ်စပ် သိရှိထားဖို့ လိုအပ်တဲ့အတွက် ပြိုင်ပွဲတွေကို တက္ကသိုလ်အဆင့်မှာ တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခိုင်းလေ့ရှိပါတယ်။
တရုတ်ရဲ့နိုင်ငံတကာတရားစီရင်ရေးစနစ်အပေါ် ချဉ်းကပ်မှုဗျူဟာတရုတ်ဟာ ရောမပဋိညာဉ်ပေါ်လာဖို့ ဆွေးနွေးကြတဲ့အခါမှာ အင်မတန် တက်ကြွတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။
အတည်ပြုထားတဲ့ ရောမပဋိညာဉ်ထဲမှာ တရုတ်အဆိုပြုခဲ့တဲ့ အချက်တွေလည်း ရှိနေပါတယ်။
ပဋိညာဉ်ကို အတည်ပြုတဲ့အခါမှာတော့ တရုတ်မပါဝင်တော့ပါဘူး။
ဒါပေမယ့် တရုတ်ဟာ နိုင်ငံတကာရာဇ ဝတ်တရားရုံးနဲ့လုံးဝထိတွေ့ဆက်ဆံမှု မလုပ်တော့တာမဟုတ်ပါဘူး။
နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ တရုတ်အကြားမှာ တရားဝင်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတချို့ ရှိနေဆဲ ဖြစ်ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ ကုလ သမဂ္ဂအစည်းအဝေးတွေမှာဖြစ်စေ၊ပေကျင်းမြို့မှာဖြစ်စေတွေ့ဆုံပြီး နိုင်ငံတ ကာတရားမျှတမှုဆိုင်ရာတွေကို ဆွေး နွေးဖလှယ်လေ့ ရှိကြပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံတကာရာဇဝတ်တရားရုံးနှစ်ပတ်လည် အဖွဲ့ဝင်နိုင်ငံများညီလာခံ (Assembly of States Parties – ASP)ကို “စောင့်ကြည့်လေ့ လာသူနိုင်ငံ”(Observer State)အဖြစ် ပုံမှန်တက်ရောက်ပြီး သူတို့ရဲ့သဘောထားနဲ့ အကြံပြုချက်တွေကို တရားဝင် ထုတ်ဖော်ပြောလေ့ရှိပါတယ်။
တရုတ်နိုင်ငံဟာ တရုတ်ဘာသာစကားသုံး ICC Moot Court ပြိုင်ပွဲတွေကို နှစ် စဉ် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးပြီး တရုတ်ဥပဒေကျောင်းသားတွေ နိုင် ငံတကာရာဇဝတ်ဥပဒေနဲ့ရင်းနှီးကျွမ်း ဝင်အောင်တက်ကြွစွာတွန်းအားပေးနေတာ၊တရုတ်နိုင်ငံသားအချို့ဟာ နိုင်ငံ တကာရာဇဝတ်တရားရုံးမှာ ဝန်ထမ်း အဖြစ်လုပ်ကိုင်တာ၊အလုပ်သင် (Interns)သို့မဟုတ် လာရောက်လေ့လာသူတွေအဖြစ် ပါဝင်ပတ်သက်တာ စတဲ့ ပညာရပ်ဆိုင်ရာနဲ့ လူ့စွမ်းအားအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုတွေမှာ တရုတ်ဟာ ခြေလှမ်းသွက်နေပါတယ်။
ရောမပဋိညာဉ်မှာ တရုတ်မကြိုက်ခဲ့တဲ့အချက်တွေ
နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ တရားစီရင်ရေးအပေါ် လွှမ်းမိုးသွားမှာကို တရုတ်မလိုလားခဲ့ပါဘူး။
တရုတ်အကြောင်းပြတာကတော့ ဒီအချက်ဟာ နိုင်ငံတကာရာဇဝတ်တရားရုံးကို အင်အားကြီးနိုင်ငံတွေက အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် နိုင်ငံရေးအရ ဖိအားပေးဖို့ လက်နက်သဖွယ် အသုံးချလာနိုင်တယ်ဆိုပြီး အကြောင်းပြတာပါ။
အဓိကအချက်က နိုင်ငံတကာစစ်ပွဲတွေတင်မကဘဲ တိုင်းပြည်အတွင်း ဖြစ်ပွားတဲ့ ပြည်တွင်းစစ်(Non-international armed conflict)တွေမှာ ဖြစ်ပွားတဲ့ ရာ ဇဝတ်မှုတွေကိုပါ နိုင်ငံတကာရာဇဝတ်တရားရုံးက စီရင်ပိုင်ခွင့်ရှိအောင် သတ် မှတ်ထားတာကို တရုတ်က သဘောမတူခဲ့တာဖြစ်ပါတယ်။
အမှန်က တရုတ်နိုင်ငံက မိမိရဲ့ ပြည်တွ င်းရေး(ဥပမာ- တိဗက်၊ရှင်းကျန်း သို့မ ဟုတ် ထိုင်ဝမ်အရေး)တွေမှာ တနေ့နေ့ တချိန်ချိန်ကျရင် ဝင်ရောက်စွက်ဖက်ခံရမှာကို စိုးရိမ်ခဲ့တာပါ။
မကြိုက်ပေမယ့်လည်း လူကြီးလူကော င်းဆန်လိုတယ်။
တရုတ်မှာ သူ့အကျိုးစီးပွားအတွက် နိုင်ငံတကာမျက်နှာစာမှာ လိုလားချက်တခုလည်း ရှိနေပါတယ်။
အဲဒါက ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေမှာ တရုတ်ဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်သိတဲ့၊ အားကိုးအားထားပြုခံချင်တဲ့ “ကမ္ဘာ့တာဝန်သိ အင်အားကြီးနိုင်ငံကြီးအဖြစ်” ပြသချင်တဲ့ စိတ်ရှိနေတာပါ။
အဲဒါကြောင့် နိုင်ငံတကာရာဇဝတ်တ ရားရုံးမပေါ်လာခင် ၁၉၉၀ ပြည့်လွန်နှစ် ကာလတွေက ဘော်လ်ကန်ဒေသ (ယူဂိုဆလပ်)နဲ့ ရဝမ်ဒါမှာ ဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နေတယ်ဆိုတာ တရုတ်က လက်ခံခဲ့ပြီး ICTY နဲ့ ICTR လို နိုင်ငံတကာပြစ်မှုဆိုင် ရာခုံရုံးတွေကို ဖွဲ့စည်းဖို့ကိစ္စမှာ တရုတ်ဟာ မကန့်ကွက်ခဲ့ပါဘူး။
ICTY နဲ့ ICTR ခုံရုံးတွေကြောင့် နိုင်ငံတ ကာရာဇဝတ်တရားရုံး ပေါ်လာဖို့ကို အ စပြုနိုင်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာပြစ်မှုတွေကို ကိုင်တွယ်ရာမှာ တရုတ်အမြဲတမ်း ဗီတိုသုံးတတ်သ လားအဖြေကတော့ အမြဲတမ်းမသုံးပါဘူး။
တရုတ်ဟာ နိုင်ငံတကာကိစ္စတခုရဲ့ နော က်ဆက်တွဲအနေနဲ့ တချိန်ချိန်မှာ သူ့ဘက်ကို ပြန်လှည့်လာနိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုရင် အမြဲတမ်း ဗီတိုသုံးလေ့ မရှိပါဘူး။
တရုတ်က ဗီတိုနဲ့မကန့်ကွက်ခဲ့တဲ့ ထင်ရှားတဲ့သာဓကတွေ၂၀၀၅ ခုနှစ် ဒါဖာအရေး လွှဲပြောင်းမှု (2005 Darfur Referral)ဆူဒန်နိုင်ငံ ဒါဖာဒေသ ပဋိပ က္ခမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘ ယ်သူ့ကိုမှ ဂရုမစိုက်ဘဲ စစ်ရာဇဝတ်မှုတွေကို ထင်တိုင်းကြဲ ကျူးလွန်နေကြပါတယ်။
ဆူဒန်ဟာ နိုင်ငံတကာရာဇဝတ်တရား ရုံးအဖွဲ့ဝင်မဟုတ်ပါဘူး။ပြောမရဆိုမရ လက်နက်ကိုင်အုပ်စုတွေ စိတ်ထင်ရာ လုပ်နေတဲ့အခါ ၂၀၀၅ ခုနှစ်မှာ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ် ချက်အမှတ် ၁၅၉၃ (Resolution 1593)နဲ့နိုင်ငံတကာရာဇဝတ်တ ရားရုံးကို လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီတုန်းက တရုတ်ဟာ ဗီတိုသုံးပြီး မကန့်ကွက်ဘဲကြားနေမဲ(Abstention) သာ ပေးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊လစ်ဗျားအရေး လွှဲပြောင်းမှု(2011 Libya Referral)လစ်ဗျားပြည် တွင်းစစ်မှာလည်း လက်နက်ကိုင်အုပ်စုတွေ ထင်တိုင်းကြဲနေတဲ့အခါ ကုလသ မဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချ က်အမှတ် ၁၉၇၀ (Resolution 1970) ကို ထုတ်ပြန်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံးကို လွှဲပေးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ထူးခြားတာက တရုတ်က ကြားနေမဲတောင် မဟုတ်ဘဲ ထောက်ခံမဲ (Yes) ပေးခဲ့တာပါ။လစ်ဗျားဟာလည်း နိုင်ငံတကာရာဇဝတ်တရားရုံး အဖွဲ့ဝင် မဟုတ်ပါဘူး။
နိုင်ငံတကာရာဇဝတ်တရားရုံး အဖွဲ့ဝင်နိုင်ငံများညီလာခံ (Assembly of States Parties – ASP) မှာ တရုတ်ရဲ့ ဆွေးနွေးချက်တချို့၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလမှာ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ အကြိမ် ၂၀မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံကို ကျင်းပပါတယ်။
အဲဒီ ညီလာခံမှာ လေ့လာသူ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တီယန်နီ (Tian Ni) က သူ့ရဲ့ ဆွေးနွေးချက်ကို ၂၀၂၁ ခုနှစ် ၊ဒီဇင်ဘာလ ၆ ရက်နေ့ကဖော်ပြခဲ့ပါတယ်။
တရုတ်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်မှာ “နိုင်ငံတကာမိသားစုအနေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်ပေးဖို့နဲ့ တရားမျှတမှု ဖော်ဆောင်ဖို့ ကြိုးစားနေမှုတွေကို တရုတ်အနေနဲ့ ထောက်ခံတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်သင့်တယ်။(လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို အလေးထားသင့်တယ်)။
နိုင်ငံတကာရာဇဝတ်တရားရုံးဟာ နိုင်ငံရေးအရ အသုံးချခံမဖြစ်သင့်ဘဲ သူ့ရဲ့ ရည်ရွယ်ချက်ကို လွတ်လွတ်လပ်လပ်ဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်ဖို့ တရုတ်ကလိုလားပါတယ်။”လို့ ပြောခဲ့ပါတယ်။
ICC အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကို အရေးယူမှု
တရုတ်သည် ဖိလစ်ပိုင်နိုင်ငံက ဒူတာတေးလက်ထက် မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အာဖဂန်နစ္စတန်က တာလီဘန်နဲ့ IS-K တို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်တရားရုံးက စုံစမ်းစစ်ဆေးမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ပြောခဲ့ပါတယ်။
အဲဒီနှစ်နိုင်ငံဟာ နိုင်ငံတကာရာဇဝတ်တရားရုံးက နှုတ်ထွက်ထားပေမယ့် နိုင်ငံတကာရာဇဝတ်တရားရုံးက အဲဒီနှစ်နိုင်ငံမှာ ရှိတဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာရာဇဝတ်တရားရုံးက မနှုတ်ထွက်ခင်ကပင် ကျူးလွန်ထားတာဖြစ်လို့ ကိုင်တွယ်လို့ရတယ်ဆိုပြီး ပဋိညာဉ်ပုဒ်မ ၁၂၇ ကို ကိုးကားထားပါတယ်။
အဲဒါနဲ့ပတ်သက်လို့ တရုတ်ကိုယ်စားလှယ်က “ပဋိညာဉ် ပုဒ်မ (၁၂၇) ကို ဖွင့်ဆိုရာမှာ နိုင်ငံတကာမိသားစုအတွင်း မတူညီတဲ့ ရှုထောင့်တွေ ရှိနေတယ်။
ဖိလစ်ပိုင်ဖြစ်စဉ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ သဘောထားဆန္ဒကို နိုင်ငံတကာရာဇဝတ်တရားရုံးက အလေးထားပြီး တရားမျှတမှုကို ဖော်ဆောင်သင့်တယ်။
အာဖဂန်ဖြစ်စဉ်မှာ အာဖဂန်ပြည်တွင်းဖြစ်စဉ်တလျှောက် (အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်တွေကိုပါ ရည်ညွှန်းတာပါ)ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်တရားရုံးက လွတ်လွတ်လပ်လပ် မျှမျှတတ စုံစမ်းစစ်ဆေးဖို့ တရုတ်က တိုက်တွန်းပါတယ်။” လို့ ပြောခဲ့ပါတယ်။
ဆက်စပ်ဆောင်းပါး
တရုတ်၏နိုင်ငံတကာဆိုင်ရာရပ်တည် ချက်အချို့
- https://burmese.bnanews.net/articles/6262/
- https://www.facebook.com/share/p/1B9V8Z8VLg/
ကိုးကား…
ICC Moot Court (Chinnese Version)
- https://www.icc-cpi.int/news/liaoning-university-wins-icc-moot-court-competition-chinese-version
Chinese Observer Delegation in ICC Meeting
- https://asp.icc-cpi.int/sites/asp/files/asp_docs/ASP20/ASP20.GD.CHN.06.12.pdf










