Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၇။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းသံအမတ်ကြီးတို့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်တလျှောက်က တိုက်ပွဲတွေကြောင့်ရပ်တန့်နေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်ပွင့်ဖို့နဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံနယ်စပ်က အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဖို့ အဓိကထားပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်ကော်မရှင်တပ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေကိုလည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောခဲ့တယ်လို့ ဆိုပါတယ်။
ကရင်ပြည်အပါအဝင် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ လအတော်ကြာပိတ်ဆို့နေပြီး စစ်ကော်မရှင်ဘက်ကတော့ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး နယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။






