Border News Agency
အမေရိကန်၊ မေ ၂။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဘက်က တင်သွင်းလာတဲ့ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
အီရန်ဘက်က တောင်းဆိုချက်တွေဟာ သူသဘောမတူနိုင်တဲ့ အချက်တွေဖြစ်နေပြီး စစ်ပွဲကို စောစောစီးစီး အဆုံးသတ်လိုက်ရင် နောက်ထပ်သုံးနှစ်လောက်မှာ ဒီလိုပြဿနာမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်တယ်လို့ ထရမ့်က သတိပေးလိုက်တာပါ။
အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ ပိုပြီးကျပ်တည်းအောင် လုပ်ဆောင်နေပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့အခါ အီရန်ကိုအခွန်ပေးဆောင်တဲ့ ဘယ်သင်္ဘောမဆို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံရမယ်လို့ ကြေညာလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်ရေတပ်က ဦးဆောင်ပြီး အီရန်ကိုအခွန်ပေးစရာမလိုဘဲ လုံလုံခြုံခြုံ ဖြတ်သန်းနိုင်မယ့် Maritime Freedom Constructဆိုတဲ့ ရေကြောင်းမဟာမိတ်အဖွဲ့သစ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ တခြားဒေသတွေမှာလည်း တင်းမာမှုတွေ ရှိနေဆဲပါ။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် လူသေဆုံးမှုတွေ ရှိနေသလိုဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးတပ်တွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်နေပါတယ်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကတော့ လက်ဘနွန်မှာ တကယ်တမ်း အပစ်အခတ်ရပ်စဲရေး မရှိသေးဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကို စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ပွဲကြားမှာ ပိတ်မိနေတဲ့ အိန္ဒိယသင်္ဘောသားတွေဟာလည်း သူတို့ရဲ့ ကြောက်မက်ဖွယ် အတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့ကြပါတယ်။
အင်တာနက်မရတာကြောင့် စစ်ဖြစ်နေတာကိုတောင် မသိဘဲခေါင်းပေါ်ကနေ ဒုံးကျည်တွေ ပျံသန်းသွားတာကို မြင်မှ သိခဲ့ရတာလို့ ဆိုပါတယ်။
အခုထိတော့ အိန္ဒိယအစိုးရက သူ့နိုင်ငံသား သင်္ဘောသား နှစ်ထောင့်ခြောက်ရာကျော်ကို နေရပ်ပြန်ခေါ်ယူနိုင်ခဲ့ပေမယ့် အများအပြား သောင်တင်နေဆဲ ဖြစ်ပါတယ်။
သမ္မတထရမ့်ကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်ဖို့က သူ့အတွက် အဓိကအချက်ဖြစ်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
လက်ရှိမှာတော့ ထရမ့်က အီရန်ကို စီးပွားရေးအရ အဆုံးထိ အကျပ်ကိုင်ပြီး သူလိုချင်တဲ့ အဖြေရမှသာ ဆွေးနွေးပွဲစားပွဲဆီ လာမယ့်ပုံစံမျိုး ပြသနေပါတယ်။






