Border News Agency
အမေရိကန်၊ မေ ၁၀။
အရှေ့ပစိဖိတ်သမုဒ္ဒရာထဲမှာ သွားလာနေတဲ့ သင်္ဘောတစင်းကို အမေရိကန်စစ်တပ်က မေလ ၈ ရက်နေ့မှာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘောပေါ်ပါလာသူ တဦးကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်ကတော့ ဒီသင်္ဘောဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေပြီး မူးယစ်ဆေးဝါး သယ်ဆောင်နေတာလို့ စွပ်စွဲထားပါတယ်။
ဒါပေမယ့် သေဆုံးသွားသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အမည်နာမ တိတိကျကျ ထုတ်ပြန်တာမရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုဟာ မေလအတွင်းမှာတင် အမေရိကန်စစ်တပ်က တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အခုလို မူးယစ်ဆေးဝါးနှိမ်နင်းရေး အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီလို့ သိရပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေကတော့ ဒီလုပ်ရပ်ဟာ တရားလက်လွတ် သတ်ဖြတ်မှုဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
အဲဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ခဲ့ရင်တောင် ဒီလိုအသေအပျောက်ရှိတဲ့အထိ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ ဥပဒေအရပဲ အရေးယူသင့်တယ်လို့ သူတို့က ထောက်ပြနေကြတာပါ။
ကိုလံဘီယာနဲ့ တခြားနိုင်ငံတွေက မိသားစုဝင်တွေကလည်း အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အရင်က အမေရိကန် တိုက်ခိုက်ခဲ့သူတွေဟာ အစိုးရပြောသလို မူးယစ်အကြမ်းဖက်သမားတွေမဟုတ်ဘဲ ရိုးရိုးတံငါသည်တွေနဲ့ အလုပ်သမားတွေသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒီလိုစစ်မဖြစ်ဘဲနဲ့ အင်အားသုံးတိုက်ခိုက်နေတာတွေဟာ ဥပဒေကြောင်းအရ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။
ထရမ့်အစိုးရကတော့ ဒါဟာ အမေရိကန်ကို ကာကွယ်တာလို့ အကြောင်းပြနေပေမယ့် ဒေသတွင်းနိုင်ငံတွေကတော့ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။






