Border News Agency
မောင်တော၊အောက်တိုဘာ ၁၂။
အာရက္ခဒေသမှာ ပဋိပက္ခတွေနဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေးဘဲ အကြမ်းဖက်မှုတွေအမြန်ဆုံးအဆုံးသတ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ကပြောပါတယ်။
နီကိုလတ်စ်ခွန်ဂျန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခြောက်ရက်ကြာတရားဝင် ခရီးစဉ်အပြီးမှာ ခုလိုပြောတာဖြစ်ပြီး ခရီးစဉ်အတွင်း ကော့စ်ဘဇားစခန်းရှိ ရိုဟင်ဂျာနှစ်ရာကျော်အပြင် အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အာရက္ခဒေသမှာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်ကြားဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်အစောပိုင်းမှစပြီး ရိုဟင်ဂျာတသိန်းငါးသောင်းလေးထောင်ကျော်ဘင်္ဂလားဒေ့ရှ်သို့ ထပ်ထွက်ပြေးခဲ့ရကာ လက်ရှိခိုလှုံနေသူ တဒသမနှစ်သန်းကျော်ထိရှိလာနေပါတယ်။
အဲဒီအပြင် လက်ရှိဖြစ်နေတဲ့ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုစွပ်စွဲချက်တွေကို ယန္တရားကစုံစမ်းစစ်ဆေးနေပြီး တရားမျှတမှုရရှိရေးနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်နေမှုရပ်တန့်ရေးဟာ ဘေးကင်းစွာနေရပ်ပြန်နိုင်ဖို့ အဓိကသော့ချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီခရီးစဉ်ဟာ နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးပြုန်းစေမှု တားဆီးရေးသဘောတူစာချုပ်ပါ တာဝန်ပျက်ကွက်မှုနဲ့ ပတ်သက်လို့ စိစစ်သုံးသပ်နေစဉ်ကာလအတွင်း သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။








