Border News Agency
ကျောက်ဖြူ၊မေ ၁၉။
ကျောက်ဖြူမြို့နယ်မှာအာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သား၁ ဦး သေဆုံးပြီး ဆရာတော်တပါးနဲ့အရပ်သား ၆ ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ရွာသစ်ကေ ရွာကို မေလ ၁၇ ရက်နေ့ကဇင်ချောင်းပင်လယ်ပြင်မှာရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်သင်္ဘောတစီးကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ဆရာတော်တပါး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီသေဆုံးသွားသူဟာ ကျောက်ဖြူမြို့နယ်၊ ရွာသစ်ကေရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်စံအေးနု ဖြစ်ပါတယ်။
အဲဒီအပြင်ပေါက်ပင်ရွာက အသက် ၅၉ နှစ်အရွယ် ဆရာတော် ပညာဝံသ၊ အသက် ၁၇ နှစ်အရွယ် မအေးငြိမ်းသူနဲ့ ရွာသစ်ကေရွာက အသက် ၁၄ နှစ်အရွယ် မနန္ဒာအောင်၊အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း၊ အသက် ၁၃၉ နှစ်အရွယ် ဦးကျော်စိုးမိုး၊အသက် ၆၀ အရွယ် ဦးစိုးတင်နဲ့ အသက် ၇၉ နှစ်အရွယ် ဦးမောင်ဖိုးယိုင် တို့ ဖြစ်ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာမေလ ၁၇ ရက်၊ည ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၀ နာရီ ၄၂ မိနစ်အထိ အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီး ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအထဲက ကျည်တလုံးဟာ ရွာသစ်ကေရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေါ်စံအေးနု ကျည်စထိမှန် သေဆုံးခဲ့ကာ ကျန်ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တာလို့ဆိုကြပါတယ်။
အဲဒီအပြင်နောက်ထပ် လက်နက်ကြီးကျည် ၂ လုံးဟာ ပေါက်ပြင်ရွာ ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆရာတော် ပညာဝံသနဲ့ မအေးငြိမ်းသူတို့ ဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်တခြမ်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင်ဇင်ချောင်းကုန်ဘွေရွာထဲကိုလည်း ကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ၂ ဆောင် ပြိုကျပျက်စီးခဲ့ရပြီး လက်ရှိမှာ ဒဏ်ရာရသူတွေ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က မြို့နဲ့အနီးနားက ကျေးရွာတွေကို လက်နက်ကြီး၊ရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။



















