Border News Agency
ထိုင်း၊ မေ ၁၉။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဘန်လမုန်းမြို့နယ် Sukhumvit လမ်းပေါ်မှာ အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တဦးကို မြန်မာလူငယ် ၁၀ ဦးကဝိုင်းဝန်းရိုက်နှက်ပြီး ဖိနပ်လုယူမှု၊ ဆိုင်ကယ်ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထိုင်းလူငယ်ဟာ သက်ဆိုင်ရာရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့ပြီး မေလ ၁၉ ရက်၊ ဒီနေ့မှ မြန်မာလူငယ်တစုလုံးကို ဖမ်းဆီးလိုက်ပါတယ်။
သူတို့အားလုံးက ထိုင်းလူငယ်ကိုကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ ရဲစခန်းမှာဝန်ခံခဲ့ကြပါတယ်။
ဒါပေမယ့် ဖမ်းဆီးခံရတဲ့မြန်မာလူငယ်တွေဘက်ကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြားတဖက်ကနေပြန်လည်ချေပထားပါတယ်။
သူတို့ရဲ့ ပြောကြားချက်အရ အခင်းမဖြစ်ပွားခင်မှာ အဲဒီထိုင်းလူငယ်က သေနတ်နဲ့တူတဲ့အရာတခုနဲ့ ချိန်ရွယ်ခြိမ်းခြောက်ပြီး သူတို့ဆီက Converse ဖိနပ်တစုံကို အတင်းအဓမ္မလုယူခဲ့တာကြောင့် သူငယ်ချင်းတွေရောက်လာပြီး ဝင်ရောက်တားဆီးရာကနေ အခုလိုရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာလူငယ်တွေဘက်ကလည်း သူတို့အနေနဲ့အဓမ္မလုယက်ခံရတဲ့ နစ်နာသူဖြစ်ကြောင်းသက်သေပြဖို့အတွက် အခင်းမဖြစ်ပွားခင်က စီစီတီဗွီ (CCTV) မှတ်တမ်းတွေကိုပါ ပြန်လည်စစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ကိုတောင်းဆိုထားပါတယ်။
အဲဒီအမှုအတွင်း အရွယ်မရောက်သေးသူတွေပါဝင်နေတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာဌာနစုံပူးပေါင်းအဖွဲ့တွေနဲ့အတူ နှစ်ဖက်စလုံးကို သေချာပြန်လည်စစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဘယ်သူပဲဖြစ်ဖြစ်အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိရရင် ဥပဒေအရတရားမျှတစွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီအမှုကို အနီးကပ်စောင့်ကြည့်နေတဲ့ ထိုင်းဒေသခံအဖွဲ့အစည်းတွေကတော့ တရားခံမြန်မာလူငယ်အဖွဲ့ကို အမြန်ဆုံး ဖမ်းဆီးပေးခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ကြိုးပမ်းမှုကို ကျေနပ်အားရမိတယ်လို့လည်းပြောထားပါတယ်။









