Border News Agency
ရန်ကုန်၊ ဩဂုတ် ၂၂။
ကြားကာလအစီအမံတွေဖော်ဆောင်နေတဲ့ တိုင်းနဲ့ပြည်နယ်တွေနဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ ဖက်ဒရယ်မူခြောက်ချက်ကို မသွေဖီလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဆိုပါတယ်။
ဩဂုတ်လ ၂၂ ရက်၊ မနက်ကပြုလုပ်တဲ့ NLD ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလရှစ်ကြိမ်မြောက်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ရှစ်ချက်ကို အတည်ပြုခဲ့ပြီး အဲဒိီအထဲမှာ ဖက်ဒရယ်မူတွေမှမသွေဖီရေး ကြပ်မတ်ဖို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်တွေနဲ့ပါတီမူဝါဒအတိုင်း တိုင်းနဲ့ပြည်နယ်အလိုက်ကြားကာလ အစီအမံတွေကိုကြပ်မတ်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအပြင်မြန်မာ့နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ အဆင်ပြေမှာမဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီအစည်းအဝေးသို့ သဘာပတိမန်းဂျော်နီအပါအဝင် ဗဟိုကော်မတီဝင်တွေ၊တိုင်းနဲ့ ပြည်နယ် အလုပ်အမှုဆောင်တွေ စုစုပေါင်းကိုးဆယ်ငါးဦး တက်ရောက်ခဲ့ကြပါတယ်။










