Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၅။
အာရက္ခဒေသမြေပြင်စီမံခန့်ခွဲမှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေဖို့အတွက် ခရိုင်နဲ့တိုက်နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီတွေကို အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။
အဲဒီအာရက္ခဒေသတွင်းဖြစ်ပေါ်နေတဲ့ မြေယာနဲ့တခြားလူမှုရေးပဋိပက္ခတွေကို တရားမျှတစွာစနစ်တကျဖြေရှင်းပေးဖို့၊ပြည်သူ့ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ဖို့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအုပ်ချုပ်မှုစနစ်ခိုင်မာစေဖို့ရည်ရွယ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။
ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ စနစ်မကျတဲ့မြေယာစီမံခန့်ခွဲမှု၊ရှုပ်ထွေးတဲ့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် မြေယာအငြင်းပွားမှုအမွေဆိုးတွေ အမြောက်အမြားစုပုံကျန်ရစ်ခဲ့ပြီး လက်ရှိတော်လှန်ရေးအစိုးရဟာ အဲဒီပြဿနာတွေကိုထိန်းသိမ်းဖြေရှင်းရာမှာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေရတယ်လို့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။
အဲဒီလိုရှုပ်ထွေးလှတဲ့မြေယာပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ တာဝန်ရှိအုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ မြေပြင်စစ်ဆေးရေးစတဲ့ဌာနပေါင်းစုံ ပူးပေါင်းပါဝင်တဲ့နည်းလမ်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် မြေယာအငြင်းပွားမှုတွေကြောင့် ဒေသခံပြည်သူအချင်းချင်း ယုံကြည်မှုမပျက်စီးစေဖို့နဲ့ မြေပေါ်မှာအမှန်တကယ်လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူတွေရဲ့ဝမ်းစာနဲ့ အခွင့်အရေးတွေမဆုံးရှုံးစေဖို့အတွက် ဘက်မျှတဲ့မူဝါဒတွေနဲ့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
ခေတ်အဆက်ဆက်ကျန်ရစ်ခဲ့တဲ့ မြေယာအမွေဆိုးတွေကိုရှင်းလင်းရာမှာ ခိုင်မာတဲ့မြေယာမူဝါဒ၊ပွင့်လင်းမြင်သာတဲ့တရားစီရင်ရေးနဲ့ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုတို့နဲ့သာ ရေရှည်တည်တံ့တဲ့ဖြေရှင်းချက်ကို ရရှိနိုင်မယ်လို့လည်း ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်ကျော်ဟန်ကဥက္ကဋ္ဌ၊ဦးကျော်ဇံကအတွင်းရေးမှူးတာဝန်ယူထားကြပြီး ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်အပါအဝင် ဦးမောင်ဦးကျော်၊ဦးသာထွန်းရွှေနဲ့ တခြားသူတွေဟာ ပါမတီဝင်တွေအဖြစ်တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။
ဒါပေမယ့် အတင်းအဓမ္မမြေသိမ်းမှု၊လူ့အခွင့်အရေးချိုးဖောက်မှုမြောက်စေမယ့် မြေသိမ်းမှုတွေကို အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းအပါအဝင် အာရက္ခတပ်တော်(AA)အရာရှိတွေ၊အာရက္ခတပ်တော်(AA)ရဲ့ဗဟိုထောက်လှမ်းရေးတာဝန်ရှိသူတွေ မြေသိမ်းယူထားတာတွေလည်းရှိနေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နှုတ်မိန့်နဲ့အတင်းအဓမ္မမြေသိမ်းမှုတွေအပါအဝင် မြေယာအမှုပေါင်းများစွာကို Border News Agency ကလက်ခံရရှိထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ယူဖြေရှင်းပေးနိုင်တဲ့မြေယာအမှု မရှိသလောက်နည်းပါးနေသေးတာကို Border News Agency က လေ့လာတွေ့ရှိရပါတယ်။










