Border News Agency
ထိုင်း၊ ဧပြီ ၁၆။
ထိုင်းနိုင်ငံရဲ့ဆုန်ခရန် အန္တရာယ်ရှိတဲ့ ၇ ရက် ပထမ ၄ ရက်အတွင်းနိုင်ငံတဝှမ်း ယာဉ်မတော်တဆမှုပေါင်း ၇၅၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅၄ ဦးနဲ့ ဒဏ်ရာရသူ ၇၀၅ ဦးအထိရှိလာနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဘန်ကောက်မြို့မှာ သေဆုံးသူ ၈ ဦးအထိရှိပြီး အများဆုံးဖြစ်ခဲ့သလို လန်းပန်ပြည်နယ်မှာတော့ မတော်တဆမှု ၃၃ ကြိမ်နဲ့ ဒဏ်ရာရသူအများဆုံးရှိခဲ့ပါတယ်။
ဒါပေမယ့် တဖက်မှာလည်း ပြည်နယ်ပေါင်း ၂၂ ခုမှာတော့ သေဆုံးသူတဦးမှမရှိခဲ့ဘူးလို့ သိရပါတယ်။
မတော်တဆမှုတွေရဲ့ အဓိကအကြောင်းရင်းကတော့ အရှိန်ပြင်းမောင်းနှင်တာနဲ့ မူးယစ်မောင်းနှင်တာတွေကြောင့်ဖြစ်ပြီး ဖြစ်ပွားမှု ၇၀ ရာခိုင်နှုန်းကျော်မှာ ဆိုင်ကယ်တွေပါဝင်နေပါတယ်။
အထူးသဖြင့် ညနေ ၃ နာရီကနေ ၆ နာရီအတွင်းဟာ အန္တရာယ်အရှိဆုံးအချိန်ဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက် ၂၀ ကနေ ၃၉ နှစ်ကြား လူငယ်နဲ့လူလတ်ပိုင်းတွေ အများဆုံးဖြစ်နေတယ်လို့ The Thaiger သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာမတော်တဆဖြစ်ပွားမှု အရေအတွက်နည်းသွားပေမယ့် သေဆုံးသူအရေအတွက်ကတော့ ၁၁ ရာခိုင်နှုန်းလောက် ပိုများလာတာကြောင့် ဖြစ်စဉ်တွေကပိုပြီးပြင်းထန်ဆိုးရွားလာတယ်လို့ ဆိုရမှာပါ။






