Border News Agency
အမေရိကန်၊ ဧပြီ ၂၇။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့ကို သွားရောက်ဖို့ရှိတဲ့ သူရဲ့ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အီရန်နဲ့ ဆွေးနွေးပွဲတွေဟာ လက်ရှိမှာ တဆို့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်က အီရန်ဘက်က ကမ်းလှမ်းချက်တွေဟာ မလုံလောက်သေးဘူးလို့ ဆိုကာ အီရန်ခေါင်းဆောင်ပိုင်းကို ဆက်သွယ်လိုပါကတိုက်ရိုက်ဖုန်းဆက်ဖို့ လူမှုကွန်ရက်ကနေ ပြောကြားခဲ့ပါတယ်။
အီရန်သမ္မတ မာဆူး ပီဇက်ရှ်ကီယန်ကတော့ အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းတွေပိတ်ဆို့ထားမှုတွေကို အရင်ဆုံး ဖယ်ရှားပေးရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် ဆွေးနွေးပွဲတွေ ဆက်လုပ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီဟာလည်း ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အိုမန်နိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
လက်ရှိ ပဋိပက္ခရဲ့အဓိက အငြင်းပွားဖွယ်ရာ အချက်ကတော့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် စီးဆင်းရာ ရေလမ်းကြောင်းဖြစ်လို့ ကမ္ဘာ့စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်မှုရှိနေပါတယ်။
အီရန်ဘက်က အဲဒီရေလမ်းကြောင်းကို အချုပ်အခြာအာဏာအရ ထိန်းချုပ်လိုပြီး အမေရိကန်ကတော့ လွတ်လပ်စွာ သွားလာခွင့်ကို တောင်းဆိုနေတာပါ။
ဒါ့အပြင် အီရန်ရဲ့ ယူရေနီယံ သန့်စင်မှု လုပ်ငန်းစဉ်တွေအပေါ်မှာလည်း နှစ်ဖက်အမြင် မတူညီဘဲ အငြင်းပွားနေကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပေမယ့် အီရန်ဘက်ကတော့ အရပ်ဘက် အသုံးချဖို့အတွက်သာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန် အာဏာပိုင်တွေကတော့ နှစ်ဖက်စလုံးကတင်းမာတဲ့ သဘောထားတွေ ရှိနေကြပေမယ့် အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်နည်းလမ်းအရ ဆက်သွယ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာလည်း နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ အစ္စလာမ္မာဘတ်မြို့ကို ဒီနေ့မှာ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။






