Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၇။
မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၆ ရပ်တည်နေပြီး စိုးရိမ်စရာအနီရောင်အဆင့်သတ်မှတ်ခံထားရတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ အရှိန်အဟုန်နဲ့ကိုကျဆင်းနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊မေလ ၃ ရက်နေ့က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ လွတ်လပ်တဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(IPCM)က ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလမှာထုတ်ပြန်တဲ့ အသံအဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စစ်တမ်းထဲမှာ ရခိုင်ဒေသထဲကဖြေဆိုပေးခဲ့သူဟာ တဦးသာရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အသံအဖွဲ့ကတော့ သူ့ရဲ့စစ်တမ်းထဲမှာ ဒါဟာရခိုင်ဒေသထဲ အင်တာနက်ကိုလက်လှမ်းမမီ လူတိုင်းမသုံးနိုင်တာကြောင့်လို့ဆိုပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG စတဲ့ အုပ်ချုပ်သူအမျိုးမျိုးဟာ လွတ်လပ်စွာပြောဆိုခွင့်အပေါ်မှာ အကာအကွယ်မပေးကြဘူးလို့လည်း ဆိုပါတယ်။
ဆက်သွယ်ရေးပြတ်တောက်အောင် မြန်မာစစ်တပ်က အဓိကထားပြီးလုပ်နေပေမယ့် သတင်းထောက်တွေနဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဖိနှိပ်ချုပ်ခြယ်တာ၊ကန့်သတ်ပိတ်ပင်တာတွေကို မြန်မာစစ်တပ်အပြင် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေကပါ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးလုပ်နေကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိုအကြောင်းပြပြီး လွတ်လပ်စွာထုတ်ဖော်မှုတွေကို လက်တွေ့ကန့်သတ်တာ၊ ဥပဒေအရကန့်သတ်တာတွေလုပ်နေတယ်လို့လည်း အသံအဖွဲ့ရဲ့စစ်တမ်းကဆိုပါတယ်။
အသံအဖွဲ့ရဲ့စစ်တမ်းဟာ ၂၀၂၅ ခုနှစ်က ကောက်ယူခဲ့တဲ့ အချက်အလက်တွေကိုထုတ်ပြန်ခဲ့တာပါ။
ရခိုင်ဒေသက ဖြေဆိုသူတဦးသာရှိနေရတဲ့ အကြောင်းတရားဟာ အင်တာနက်လက်လှမ်းမမီနိုင်မှုတခုတည်းကြောင့်တော့ မဟုတ်ပါဘူး။
စတားလင့်တွေသုံးခွင့်မရခင်ကပင် ရခိုင်ဒေသထဲက လူထုရဲ့လွတ်လပ်ထုတ်ဖော်ခွင့်ဟာ စစ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်အောက်မှာ ပိတ်ဆို့ခံလိုက်ရပြီးပါပြီ။
မြန်မာစစ်တပ်ရဲ့လေကြောင်း ဗုံးကြဲမှုအပေါ်မြေပြင်မှာရှိတဲ့ ULA/AA အောက်ခြေအဖွဲ့ဝင်တချို့ဟာ မြန်မာစစ်တပ်ရဲ့နည်းပညာပစ္စည်းတွေရဲ့ခြေရာခံနိုင်မှုနဲ့မြေပြင်အပေါ် ဝေဟင်က ထောက်လှမ်းနိုင်မှုကို မျက်ကွယ်ပြုပြီး လူထုကို “ဒလန်”ဆိုတဲ့ စွပ်စွဲချက်တွေလက်ညိုးထိုးပြီး လူထုရဲ့ထုတ်ဖော်ခွင့်ကိုပါ ပိတ်ပင်မှုတွေလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီလို လူထုကို “ဒလန်”လို့ပြောနေစဉ်မှာ လူထုဟာ အင်တာနက်ကိုလက်လှမ်းမမီတော့ပါဘူး။
စစ်ရေးနဲ့လုံခြုံရေးဆိုင်ရာအကြောင်းပြချက်နဲ့ လူထုရဲ့ထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်သလို လုပ်ခဲ့တဲ့သက်ရောက်မှုတွေက ရခိုင်လူထုကို အကြောက်တရားထဲ ပြန်သက်ဆင်းရသလိုဖြစ်သွားပါတယ်။
လူထုရဲ့လွတ်လပ်စွာထုတ်ဖော်မှုကန့်သတ်ခံလိုက်ရတာနဲ့ အာဏာရှိသူတွေရဲ့လူထုအပေါ် တရားလက်လွတ်ပြုမှုတွေက ခေါင်းနဲ့ပန်းလိုဖြစ်လာပါတယ်။
လူထုဟာ အာဏာရှိသူအပေါ် ပြန်လည်ထိန်းကျောင်းခွင့်အနှစ်သာရဟာ အဲဒီအချိန်မှာ ကင်းမဲ့ခဲ့ပါပြီ။
စစ်ဖြစ်နေချိန်ဖြစ်နေတာမို့ လုံခြုံရေးနဲ့ စစ်ရေးအရအကန့်အသတ်ရှိတယ်ဆိုပေမယ့် အဲဒီလိုကန့်သတ်မှုရှိတဲ့စစ်ရေးနဲ့လုံခြုံရေးနယ်ပယ်ကကိစ္စရပ်တွေကလွှဲလို့ ပြည်သူ့ရေးရာဝန်ဆောင်မှုကိစ္စတွေ၊စီမံခန့်ခွဲမှုကိစ္စတွေမှာ လူထုဟာ ပြန်လည်ထိန်းကျောင်းခွင့် ရှိပါတယ်။
ဒါပေမယ့် အဲဒီလိုထိန်းကျောင်းခွင့်မရတဲ့အခါ အာဏာအင်စတီကျူးရှင်းတွေဟာ လူထုနဲ့ဝေးကွာလာပြီး လူထုအတွက်လာသမျှဒဏ်ခါးစည်းခံဘဝပါပဲ။
လူထုရဲ့ခါးစည်းခံရမှုတွေကို မီဒီယာတွေဟာ ကျင့်ဝတ်အရဖော်ပြရပါတယ်။
ဒါပေမယ့် မီဒီယာတွေရဲ့ကျင့်ဝတ်အပေါ် ဝါဒဖြန့်ချိရေးအယူအဆနဲ့ဖုံးလွှမ်းဖို့ ကြိုးစားမှုတွေရှိလာပါတယ်။
လူထုဟာ အာဏာပိုင်အုပ်စုတွေရဲ့ လုပ်ပုံကိုင်ပုံကြောင့် သူ့အတွက်ထိခိုက်တယ်လို့ခံစားလာရချိန်မှာ မခံနိုင်လို့ လူမှုကွန်ရက်မှာ ဖွင့်အန်မိရင်တောင် အဲဒီလိုဖွင့်အန်မှုကို ဝိုင်းပြီးအုပ်စုဖွဲ့တိုက်ခိုက်ကြတဲ့ပုံစံတွေရှိလာပါတယ်။
အဲဒီလိုတိုက်ခိုက်ကြတဲ့အခါ အကြောင်းပြချက်တွေက”အခုအချိန်မှာ ဒီလိုပြောစရာလား၊ဒီလိုပြောရင် ကိုယ့်အစိုးရသိက္ခာကျသွားမှာကို မသိဘူးလား” ဆိုတဲ့ အသုံးအနှုန်းမျိုးတွေက ပါတတ်ပါတယ်။
မသိမသာရော၊သိသိသာသာ ဆိုးဝါးတဲ့ခြိမ်းခြောက်မှုတွေလည်း ပါလာပါတယ်။
အဲဒီလိုအခြေအနေတွေဟာ လူထုကို အသံမထွက်နိုင်အောင် တွန်းပို့ဖိအားပေးနေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။
ကပ်ဘေးနဲ့လူသားချင်းစာနာမှုအကျပ်အတည်းဆိုက်နေတဲ့နေရာတခုဟာ ဆင်းရဲဒုက္ခနဲ့နာကျင်မှုတွေများပါတယ်။
လူထုရဲ့သဘောအရ နာကျင်ရင်အော်ဟစ်တတ်ပါတယ်။ ဒဏ်ရာတွေများနေတဲ့၊ လူသားချင်းစာနာမှုအကျပ်အတည်းတွေများနေတဲ့နေရာဒေသတခုဟာ အသံတောင်ထွက်မလာဘူးဆိုတာ ဘာမှမဖြစ်လို့မဟုတ်ပါဘူး။ အသံမထွက်နိုင်အောင် ပါးစပ်ပိတ်ပြီး လည်မြိုကို ဆောင့်နင်းခံထားရလို့ပါ။ အသံထွက်ခွင့်မရကြလို့ပါ။
တကယ်လို့ အသံထွက်လာရင်လည်း ဘေးကင်းလုံခြုံမှုအာမခံချက်မရှိကြပါဘူး။ အသံထွက်လာသူကို အာဏာအင်အားနဲ့ပြန်ပြီးတုံ့ပြန်ထွက်ဆိုခိုင်းတဲ့ ဗျူဟာမျိုးတွေကလည်း ရှိနေပါတယ်။
လက်ရှိမှာတော့ ရခိုင်လူထုအတွက် မီဒီယာပလက်ဖောင်းပေါ်က မိမိတို့ရဲ့ နာကျင်မှုတွေကိုဖော်ပြခွင့်က အင်မတန်မှကျပ်တည်းနေဆဲပါ။
အကျပ်အတည်းကြားက အသံထွက်လာတဲ့အခါ တဖက်မှာက ဝါဒဖြန့်ချိရေးဗျူဟာတွေရဲ့သားကောင်ဘဝထဲ ပြန်ရောက်သွားနိုင်ပါတယ်။
လူထုရဲ့နာကျင်မှုကို ဖော်ပြလာတဲ့အခါ အဲဒီလိုဖော်ပြမှုဟာ လူသားဆန်မှုဘက်ကချဉ်းကပ်မခံရဘဲ “တော်လှန်ရေးဦးဆောင်မှုကို ပျက်အောင်လုပ်နေတာ”ဆိုတဲ့ တရားလွန်စွပ်စွဲချက်တွေ၊တံဆိပ်ကပ်မှုတွေနဲ့ လူထုကို စာနာမှုမဲ့တဲ့ဘက်စည်းခြားတိုက်ခိုက်မှုတွေက ရှိနေပါတယ်။
တကယ်တော့ ပဋိပက္ခတခုကို ကျော်ဖြတ်နေရတဲ့ လူ့အဖွဲ့အစည်းတခုမှာ ပြည်သူ့ရေးရာဝန်ဆောင်မှုနဲ့ ပြည်သူ့အတွက် တာဝန်ခံမှု(Public Accountability)ဟာ မလွဲမသွေကျော်ဖြတ်ရမယ့်ဘုံအကျပ်အတည်းတခုဖြစ်ပါတယ်။
အဲဒီလိုအချိန်မှာ ပြည်သူတွေရဲ့ ထုတ်ဖော်ခွင့်ကို တနည်းနည်းနဲ့ ပြန်ကုစားဖို့ကို မစဉ်းစားဘဲ Polarization ဆိုတဲ့ ဘက်စည်းခြားမှုတွေနဲ့ နှုတ်ပိတ်ဖို့ကိုပဲ စိုင်းပြင်းနေတာမို့ ရခိုင်ဒေသထဲက လူထုဟာ ဒဏ်ရာတွေထဲမှာ ညည်းညူသံပြုခွင့်ကိုတောင် ရဖို့က မလွယ်တော့ပါဘူး။
ကိုးကား…
https://myanmar.athanmyanmar.org/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%85/
https://ipcmm.org/archives/331?utm_source=gemini&hl=en-GB









