Border News Agency
စစ်ကိုင်း၊ဇူလိုင် ၂၄။
အာဏာသိမ်းစစ်တပ်ကြောင့် စစ်ကိုင်းတိုင်းထဲမှာ ခု ၂၀၂၆ ခုနှစ်အတွင်းပြည်သူ တရာ့နှစ်ဆယ့်လေးဦးအထိသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဇန်နဝါရီလ တရက်နေ့ကနေ ဇူလိုင်လ နှစ်ဆယ့်နှစ်ရက်နေ့အထိ AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသမီး ခြောက်ဆယ့်လေးဦးနဲ့အမျိုးသား ခြောက်ဆယ်ဦး၊စုစုပေါင်း တရာ့နှစ်ဆယ့်လေးဦး သေဆုံးခဲ့ရတာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သေဆုံးသူတွေထဲမှာ အသက်တဆယ့်ရှစ်နှစ်အောက် ကလေးငယ် တဆယ့်ကိုးဦး ပါဝင်နေပြီး ကိုးဆယ့်ခုနစ်ဦးကတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်နဲ့တဆယ့်လေးဦးက လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ။
အဲဒီအပြင်အတည်ပြုဖို့ လိုအပ်နေသေးတဲ့ သေဆုံးအရပ်သား နှစ်ရာ့ရှစ်ဆယ့်ကိုးဦးရဲ့ စာရင်းကိုလည်း သီးခြား စုဆောင်းထားပြီး ဆက်လက် အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။










