Border News Agency
ဗီယက်နမ်၊စက်တင်ဘာ ၇။
မြန်မာနိုင်ငံမှာ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတွေအဆင်ပြေစေရေးပံ့ပိုးပေးသွားမှာဖြစ်ပြီး ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က စက်တင်ဘာလ ၆ ရင်နေ့က ဟနွိုင်းမြို့ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်မှာပြောခဲ့ပါတယ်။
အဲဒီဖိုရမ်မှာ စိုက်ပျိုးရေး၊ သဘာဝသယံဇာတ၊ရေအားလျှပ်စစ်နဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စစ်ခေါင်းဆောင်ကဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် သီလဝါအထူးစီးပွားရေးဇုန်ဟာ မြဝတီ-ထိုင်း-လာအို-ဗီယက်နမ်လမ်းကြောင်းနဲ့ ချိတ်ဆက်သွားမှာဖြစ်လို့ အနာဂတ်မှာ ဒေသတွင်းကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်လာမယ်လို့လည်း သူကဆိုပါတယ်။
နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စီးပွားရေးပိတ်ဆို့မှုတွေကိုကျော်လွှားနိုင်ဖို့နဲ့ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ စီးပွားရေးအရပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီဖိုရမ်မှာ စာချွန်လွှာအချို့လက်မှတ်ရေးထိုးခဲ့ကြပေမယ့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်ရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ဖို့ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပါတယ်။
















